“ပညာဆိုသည် မြတ်ရွှေအိုး”၊ “ပညာရွှေအိုး လူမခိုး”၊ “အလိမ္မာ စာမှာရှိ”၊ “ပညာမျက်စိ လူမသိ” စသည်ဖြင့် ပညာရှင်များက ပညာ၏တန်ဖိုးကို
အမျိုးမျိုးဖေါ်ကျူးလေ့ရှိကြသည်။ အဓိပ္ပါယ်အားဖြင့် တတ်သိနားလည်ခြင်းဟု ပြောဆိုရေးသားလေ့ရှိသည်။
အမှန်မှာ ပညာ၏အဓိပ္ပါယ်မှာ ပိုမိုနက်ရှိုင်းပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၀)
လောက်က စာရေးသူလေ့လာဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်တွင်မူ- ပညာ၏အဓိပ္ပါယ်ကို တစ်မျိုးဖေါ်ကျူးထားခဲ့သည်ကို တွေ့ရှိ ခဲ့ပါသည်။ လူသားတစ်ယောက်၏
အခြေခံလူအပ်ချက်အပေါ်မူတည်၍ ဖော်ပြထားပါသည်။ လူသားတစ်ယောက်၏ အခြေခံလူအပ်ချက်ကား
စားဝတ်နေရေးပင်ဖြစ်သည်။ စားရန် အစာ လိုအပ်ခြင်း၊ ၀တ်ရန် အ၀တ်အထည်လိုအပ်ခြင်းနှင့် နားနေအိပ်စက်ရန်
နေအိမ်လိုအပ်ခြင်းတို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် မရှိမဖြစ်လိုအပ်ချက်များဖြစ်၍ ရယူနိုင်ရန် ရုန်းကန်ကြိုးပမ်းရပါသည်။ ဤတွင်
ထိုလူသားသည် အခက်အခဲ့၊ ဒုက္ခ၊ အဆင်မဖြေမှု၊ အဟန့်အတား စသည်ဖြင့်
စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရပါသည်။ ထိုစိန်ခေါ်မှုအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာ၌ လိုအပ်သောလက်နက်ကောင်းကို ပညာဟုခေါ်ဆိုနိုင်ကြောင့် ရေးသားထားသည်ကို
တွေ့ခဲ့၊ ဖတ်ခဲ့ဖူးပါသည်။ ထို့ကြောင့် ပညာသည် တန်ဖိုးမဖြတ် နိုင်သောအရာ၊ လူသား တိုင်းအတွက်
အလိုအပ်ဆုံးအရာ ဖြစ်ကြောင့် သိသာထင်ရှားပါသည်။
ရခိုင့်ပညာရေးဟုဆိုရာ၌ ရခိုင်တစ်ပြည်လုံး၏ပညာရေးကို
ဆိုလိုခြင်းကား မဟုတ်ပါ။ ရခိုင်ပြည်၏ အနောက်ခြမ်း မောင်တော၊ ဘူးသီးတောင်၏ ပညာရေးကိုဆိုလိုခြင်းဖြစ်ပါသည်။
ထိုမြို့နယ် နှစ်ခုစလုံးတွင် ထက်လယ်မူ ကျောင်းပေါင်း ၂၅၀-ကျော်၊ ဆရာ/မ ပေါင်း ၁၂၀၀-ကျော်၊
ကျောင်းသား/သူ ပေါင်း ၁၅၀၀၀-ကျော် ရှိကြပါသည်။ ၎င်းအပြင် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP မှ ဆန်ထောက်ပံ့ ဆရာပေါင်း
၃၀၀-ကျော် ခန့်ထားပေးလျက်ရှိသည်။ သို့ဆိုလျှင် ဆရာ တပည့် အချိုးမမျှမှုဖြင့် သင်ပြနေရသည်ဟု
ဆိုနိုင်ပါသည်။ သို့သော်လည်း တကယ့် အခြေအနေမှန်မှာ တမူထူးခြားသည်ဟု ဆိုရမည်အလားပင်။
ဆရာ/မများ၏ ၉၀% မှ မြို့နယ်ခံ ဆရာ/မများမဟုတ်၊
မြို့ခြားနယ်ခြား ဆရာ/မများဖြစ်ကြသည်။ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ ဂွ
စသော မြို့နယ်များမှ လာရောက်အမှူးထမ်းနေသူများဖြစ်ကြသည်။ အထူးသဖြင့် မူလတန်းပြ ဆရာ/မများ
အများစု ၇၀% မှာ သူတို့ကို ခန့်ထားသော ကျောင်း၊ ကျေးရွာများ သို့ သွားရောက်ခြင်း မရှိသည့်အပြင်
မည်သည့်နေရာတွင်ရှိသည်ကိုပင် မသိရှိကြချေ၊ လကုန် လစာထုတ် စားသည့် ဆရာ/မများဖြစ်ကြ သည်။
ထိုကျောင်းများတွင် WFP ဆရာများနှင့် အထွေထွေလုပ်သားများနှင့်သာ စခန်းသွားနေ ကြသည်။
နယ်မူလတန်း ကျောင်းဆရာကြီးလုပ်သူသည် ကျောင်းဖွင့်ချိန်ရောက်လာသည်။
ပညာရေးဌာနမှ မည်သည့် ငွေကြေးများမကောက်ရန် ဟန့်တားခြင်းကြားမှာပင် ကျောင်းသား/သူ တစ်ယောက်စီမှ
၁၀၀၀/ ၁၅၀၀ကျပ်စီ ကောက်ခံ ကြသည်။ ကျောင်းဝင်ကြေး၊ စာအုပ်နှင့် စာရေးကိရိယာများ သယ်စရိတ်ဆိုပြီး
အကြောင်းပြသည်။ မြို့နယ်ပညာရေး မှူးရုံးမှ UNICEF လှူဒါန်းသော စာအုပ်နှင့် စာရေးကိရိယာများ
ထုတ်ယူလျက် တက်ဝက်ကို အပြင်ဖက်တွင် ရောင်းပြီး၊ တက်ဝက်ကို မိမိကျောင်း၏ အထွေထွေလုပ်သားနှင့်
ကျောင်းသို့ပို့သည်။ ဆရာကြီးမှာမူ မိမိအိမ်သို့ ကောက်ခံရရှိခဲ့သော ငွေကြေးနှင့် အရောင်းအ၀ယ်မှရသော
ငွေကြေးများကို ပိုက်လျက် ပြန်သွားပါသည်။ WFP မှ ကျောင်းသားများအား ထောင်ပံ့ပေးသော
ဆန်ထုတ်ပေးသည့်နေ့များတွင်လည်း ဆရာကြီးနောက်တစ်ကြိမ်ရောက်လာသည်။ ဆန်သယ်စရိတ် တစ်ယောက်
၁၀၀၀ကျပ် ကောက်ခံသည်။ ကျောင်းသား ၁၀၀-ရှိလျှင် ၁၅၀-ရှိသည်ဟု စာရင်းလိမ်ပြ၍ ဆန်ထုတ်သည်။ နောက်ဆုံးနွေရာသီ ကျောင်းမပိတ် ခင် တစ်ကြိမ်ရောက်လာသည်။
စာမေးပွဲကြေး၊ မေးခွန်းရိုက်ကြေးများ တစ်ယောက် လျှင် ၁၀၀၀ကျပ်စီ ကောက်ပြန်သည်။ စာမေးပွဲ
စစ်သည် ကျရုံးသူ မရှိအောင် စာရင်းထုတ်ပြန်၍ ပြန်သွားလေ့ရှိသည်။
ဤသည်မှာ ကျေးလက်ပညာရေးစနစ်ဖြစ်ပါသည်။
မြို့မ ၃-ပတ်ဝန်းကျင်အတွင်း မူလတန်းကျောင်းများ၏
ပညာရေးအခြေအနေမှာ တစ်မျိုးဖြစ်သည်။ ထိုကျောင်းများတွင် ဆရာ/မများ ရံဖန်ရံခါသာ တက်လေ့ရှိသည်။
ကျောင်းတက်ဆင်းချိန်သည် နံနက် ၁၀-နာရီ ကျောင်း တက်ရပြီး၊ ညနေ ၄-နာရီ ဆင်းရသည်။ သို့သော်
ဤကျောင်းဆရာများသည် နံနက် ၁၂-နာရီ တက်ပြီး၊ ညနေ ၂-နာရီ ဆင်းကြသည်။
စာပြသမှုမရှိ၊ ဇာထိုး၊ ပန်းထိုး၊ ၀တ္ထု စာအုပ်ဖတ်ခြင်းဖြင့်အချိန်ကုန်သည်။
မြို့ပေါ်မူလတန်း၊ အလယ်တန်းကျောင်းများ၏ ပညာရေးစနစ်သည်
အသွင်တစ်မျိုးဖြစ်သည်။ အတန်းပိုင် ဆရာ/မထံ ကျူရှင် တက်ရသည်။ မတက်လျှင် တစ်ဖက်ကမ်းကျွမ်းကျင်သော်လည်း
စာမေးပွဲ မအောင်နိုင်၊ သို့နှင့် ကျောင်းသား/သူ များမှာ ကျူရှင် ကျောင်း ၂-ကျောင်း
တက်ရသည်။ စာမေးပွဲ အောင်ရန် အတန်းပိုင် ဆရာ/မများထံ တက်ရသော ကျူရှင်နှင့် တကယ့် စာတတ်ရန်
တက်ရသော ကျူရှင် ကျောင်းတို့ ဖြစ်ကြသည်။
သို့နှင့် ၄-တန်းအောင်သော ကလေး “က၊ခ” မတတ်၊
၁၀-တန်းရောက်သောကလေးများသည် ကတ္တား၊ ကြိယာ သည် ဘာလဲဟု မသိ၊ ၀ါကျ
ဆိုသည်မှာ ဘာလဲဟူ၍ပင်နားမလည် စသော သံသရာတွင် တ၀ဲလည်လည် ဖြစ်နေသည်။
ဤ အခြေအနေမျိုးတွင် ပညာတတ်မြှောက်မှု မနည်းပါးဘဲ အဘယ်မှာပင် ရှိနိုင်အံ့နည်း။
ထို့ကြောင့် သမ္မတကြီး၏ သ၀ဏ်လွှာမှတ်ချက်မှာ သွေးထွက်အောင်မှန်ပါသည်။
၂၀၁၁၊ နိုဝင်ဘာလ ၁-ရက်တွင် စာရေးသူသည် မောင်တော
မြှောက်ပိုင်းကျေးရွာကလေး တစ်ရွာသို့ ရောက် ခဲ့သည်။ ထိုရွာတွင် မူလတန်းကျောင်း (၁)ကျောင်းရှိသည့်ပြင်
န.စ.က စခန်းလည်းရှိသည်။ စာရေးသူ ရောက်ချိန်တွင် ကျောင်းသား/သူများသည် ကျောင်းဝင်းခြံအတွင်း
ဆော့ကစားနေကြသည်။ ထိုထဲမှ ကျောင်းသူ တစ်ယောက်ကို ခေါ်ပြီး “သမီးတို့
ကျောင်းချိန်တွင် ဘာဖြစ်လို့ အပြင်ထွက်ကစားနေသလဲဟုမေးရာ” ဆရာ တစ်ခြားအခန်းကို
စာပြနေလို့ပါ ဟုဖြေကြားသည်။ ကျောင်းထဲသို့ လှမ်းကြည့်လိုက်ရာတွင်တစ်ယောက်တည်းသာရှိသောကျောင်းဆရာမှ
ဒုတိယတန်းကို စာရွတ်ဆိုပြသနေသည်ကို ရင်နာစွာ မြင်လိုက်ရပါသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တွေ့သောအခါ စုံစမ်းကြည့်ရာ၊ သူက ကျောင်းတွင်
ဆရာလည်းအစုံရှိ၊ ဆရာကြီးလည်းရှိကြောင့်၊ ကျောင်းလာမတက် ကြောင့်၊ ဆရာကြီးမှ န.စ.က စခန်းရှိ
ကလေးများကို ကျူရှင်ပြနေကြောင့်၊ ဌာနဆိုင်ရာသို့ တိုင်တန်း အကြောင်းကြား သော်လည်း အကြောင်းမထူးကြောင့်၊
ဒါ့အပြင် ဌာနဆိုင်ရာမှ အပြန်အပြစ်ဆိုလာခြင်းများရှိကြောင့်တို့ကို ပြန်ပြောခဲ့ ပါသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ ၁၇-ရက်နေ့စွဲ့ပါ စာအမှတ်
၁၀၇(၁)/၈ သမ္မတရုံးဖြင့် ထုတ်ပြန်သော သ၀ဏ်လွှာအပိုင်း (၁၁) ဘင်္ဂါလီ
မူဆလင်များ၏အခြေအနေ အပိုဒ်(၈)တွင် ပညာတတ်မြှောက်မှုနည်းပါးသည်ဟု ဖော်ပြထားသည်။
ဤသို့ဆိုလျှင် ပညာတတ်မြှောက်မှုနည်းပါးသည်မှာ
ကျောင်းသား/သူများလား၊ စာပြနေသော ဆရာ/မ များလား၊ ပညာရေးဌာန တာဝန်ရှိသူများလား၊ အုပ်ချုပ်ရေးဌာန
တာဝန်ရှိသူများလား စသော “လား”များစွာသော မေးခွန်းများ သည် စာရေးသူ ရင်တွင်းခံစားချက်ဝယ်
တဖွဖွဖြစ်နေရ၍ ဤဆောင်းပါးကို “ရခိုင့်ပညာရေးအဟော သိကံ”ဟု ရေးသား
တင်ပြလိုင်ခြင်းဖြစ်ပါသည်။
No comments:
Post a Comment