Saturday, March 19, 2016

မိတ္တီလာနေ့ (သို့မဟုတ်) ကမ္ဘာကြီး ငိုကြွေးသောနေ့



မိတ္တီလာနေ့ (သို့မဟုတ်) ကမ္ဘာကြီး ငိုကြွေးသောနေ့

ရေးသားသူ -- ယျာတင်(ရိုဟင်းသား)
RB က​ဗျာ
20.3.2015

အဲ့ဒီနေ့ပေါ့
အပြစ်ကင်းစင်တဲ့ ကျောင်းသားလူငယ်တွေ
အလျှံငြီးငြီး လောင်ကျွမ်းတဲ့ မီးပုံထဲမှာ
မီးစာဖြစ်ခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
နေရောင်က မှောင်မိုက်ခဲ့
အမုန်းတရားလေပြင်းတွေ
အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
နို့ရည်ပြည့်ရင်အုံနဲ့ မိခင်များက
နို့တိုက်ကျွေးမယ့် သားငယ်လေးကို
လိုက်ရှာခွင့်မရခဲ့တာ။

အဲ့ဒီနေ့ပေါ့
အငြိုးလှိုင်းတွေ ထန်နေတဲ့ကြားမှာ
အားကိုးစရာမဲ့သူများ ဟိုပြေးဒီပြေးနဲ့
လျှာမြေကျ ရွာလည်ခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
နုနယ်တဲ့ မိန်မသားလေးများ
ဒူးထောက် အသနားခံလည်း
မညှာမတာ ခြွေမွခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
လေပြည်တွေတိုက်ခဲ့တဲ့ အရပ်မှာ
အမုန်းမုန်တိုင်းက အငြိုးကြီးစွာ တိုက်ခိုက်လို့
လူသေအလောင်းတွေ ပုံခဲ့တာ။

အဲ့ဒီနေ့ပေါ့
အနှစ်နှစ်အလလ ရင်းပြီးရခဲ့တဲ့
ချွေးစာတွေနဲ့ ဆောက်ခဲ့တဲ့ နားခိုရာ
မျက်စိတစ်မှိတ်အတွင်း ဖြိုဖျက်ခံလိုက်ရတာ။

အဲ့ဒီနေ့ပေါ့
အမေက သားမရှာအား
သားက အမေ မရှာအားခဲ့လို့
သားအမိ ထာဝရအတွက် ဝေးကွာခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
အမြင်အာရုံတွေဝေဝါး အသိတရားမဲ့သွား
လူ့စိတ်ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်
နှလုံးသားထဲမှာ တစ်ဆစ်ဆစ် နာကျင်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
မျက်ရည်ကုန်ခန်းသွား
သွေးရည်တွေပင်လယ်ဖြစ်သွား
သက်ရှိခန္ဓာများ မီးကင်ခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
အကြမ်းဖက်သမားအချို့ကြောင့်
တန်ဖိုးရှိလှတဲ့ လူ့ဇီဝိန်ပေါင်းများစွာ
ရက်စက်စွာ ဆုံးရှုံးခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
မတရားမှုတွေအတွက်
ကမ္ဘာကြီး ငိုကြွေးလည်း
လူစုတစ်သိုက် ပြုံးပျော်ကျေနပ်ခဲ့တာ။

အဲ့ဒီနေ့ပေါ့
လူနေတဲ့အရပ်မှာ
လူသားဖြစ်လျက်နဲ့
လူသားမဆန်စွာ ညှဉ်းပန်းချေမှုန်းခံခဲ့ရတာ။

အဲ့ဒီနေ့ပေါ့
...................
......................
.............................................။

••• မိတ္တီလာမှ မွတ်စလင်များ အကြမ်းဖက် ညှဉ်းပန်း ချေမှုန်းခံခဲ့ရသော ၂၀၊၃၊၂၀၁၃ ရက်နေ့ ကို အောက်မေ့၍ ရေးဖွဲ့ပါသည်။

လူလူချင်း နှိပ်စက်မှုမှ ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။

RB မှ ကူးယူ​ဖော်​ပြပါသည်​။

Sunday, March 13, 2016

ရိုဟင်ဂျာအမျိုးသမီးတွေကို အကာအကွယ်ပေး အသိအမှတ်ပြုတန်ဖိုးထားမှုတွေလိုအပ်နေ



ရိုဟင်ဂျာအမျိုးသမီးတွေကို အကာအကွယ်ပေး အသိအမှတ်ပြုတန်ဖိုးထားမှုတွေလိုအပ်နေ


Myanmar Muslim Media မှ ကူးယူ​ဖော်​ပြပါသည်​။

နိုင်ငံတကာအမျိုးသမီးများနေ့မှာ ICMC က ရိုဟင်ဂျာအမျိုးသမီးတွေကိုအာရုံစိုက်မိခဲ့ကြပါတယ်။ သူတို့တွေဟာ တရားဝင်အသိအမှတ်ပြုခြင်းမခံရသလို မကြာခဏနှိပ်ကွပ်မှုခံနေရပါတယ်။ အကာအကွယ်ရဖို့အတွက် သူတို့တွေဟာ တတိယနိုင်ငံကိုထွက်ပြေးခိုလှုံနေရပါတယ်။ ဒီလိုအခါသမယမှာ ကျွန်တော်တို့တွေဟာ Amina ရဲ့ဘ၀ဇာတ်ကြောင်းကိုဖော်ပြပြီး ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေက ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အမျိုးသမီးထုတစ်ရပ်လုံး သူတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးအတွက် အားအင်ဖြစ်စေပါတယ်။

အသက် ၃၁နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီး Amina ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကဖြစ်ပါတယ်။ သူမရဲ့နိုင်ငံမှာ သူမရဲ့တရားဝင်အခွင့်အရေးဆုံးရှုံးနေရပြီး နှိပ်ကွပ်မှုတွေကနေလွတ်မြောက်အောင် မလေးရှားကို ၂၀၁၁ခုနှစ်မှာထွက်ပြေးခိုလှုံခဲ့ပါတယ်။ “မလေးရှားက UNHCR မှာ ဒုက္ခသည်တစ်ယောက်အဖြစ်မှတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ဆောင်မှုတွေကရှည်ကြာပြီးတော့ ရှုတ်ထွေးမှုတွေရှိတာကြောင့် မြန်မာနိုင်ငံထဲမှာကျန်ခဲ့တဲ့ကျွန်မမိသားစုကိုထောက်ပံ့နိုင်ဖို့အတွက် အလုပ်ရှာခဲ့ရပါတယ်။ ကျွန်မမှာ အသက် ၁၈နှစ်ကနေ ၃၀ကြားရှိတဲ့ ညီအစ်မသုံးယောက်ရှိပါတယ်။ အစ်ကိုဖြစ်သူက ငှက်ဖျားရောဂါကြောင့်အကြောသေခဲ့ရပါတယ်။ သူကလေးတုန်းက ကျန်းမာရေး စောင့်ရှောက်မှုကို မရခဲ့တာကြောင့်ဖြစ်ပါတယ်။ သူကအသက်၃၅နှစ်ရှိပြီ စကားလည်းမပြောနိုင်ဘူး သူ့ဘာသာသူသွားလာနိုင်ခြင်းမရှိသလို ထမင်းစားနိုင်စွမ်းလည်းမရှိပါဘူး။ ကျွန်မအမေက သူ့ကိုပြုစုစောင့်ရှောက်နေရပါတယ်။ ကျွန်မတစ်မိသားစုလုံး ရန်ကုန်မှာနေကြပါတယ်။ သူတို့တွေအဲဒီကိုရောက်ဖို့အတွက် ကြီးမားတဲ့အန္တရာယ်တွေကြုံခဲ့ရပါတယ်။ ရိုဟင်ဂျာတွေဟာ နှိပ်ကွပ်ခံထားရပြီးတော့ ပြည်နယ်ဌာနတွေက ထိန်းချုပ်ထားပါတယ်။ သူတို့တွေကိုနိုင်ငံအတွင်းလွတ်လပ်စွာသွားလာနိုင်ဖို့ ပိတ်ပင်ထားပါတယ်။ ရိုဟင်ဂျာတွေဟာမကြာခဏဆိုသလို အကြောင်းပြချက်မရှိပဲ ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်။ ပြီးတော့သူတို့တွေဟာနှိပ်စက်ခံရပါတယ်။ အဖမ်းခံလိုက်ရတာနဲ့ ဘာဖြစ်မလဲဆိုတာမပြောနိုင်တော့ဘူး အဲဒီမှာနေရတဲ့ဘ၀က အရမ်းကိုအန္တရာယ်ရှိတယ်”လို့ Amina ကပြောဆိုခဲ့ပါတယ်။

Monday, October 14, 2013

အာရ်ခါန်မြေ၏ဟစ်ခေါ်သံ(သို့)အဝေးရောက်သားများသို့



          အပိုင်း(၁)
·         -အမေ့ရင်အုံ
 နို့ရည်ဖြင့်ပြည့်ခါ
 သားငယ်လေးကို၊ ပြေးကာလိုက်ရှာ
 ဟိုပြေးဒီပြေး၊ အချိန်ကြာကြာ
 အမေသာရွာလည်၊ မတွေ့ခဲ့ရ . . . .
-သြော် . . . .
 ဟိုတစ်လောတုန်းက ငါ့သားငယ်လေး
 မီးထောင်သဖွယ် လောင်ကျွမ်းနေတဲ့
 မီးတောက်ထဲဝယ်
 ဒေါနှင့်မောနှင့် အပစ်ခံခဲ့ရပြီးကိုး . . . .
-ခုတော့ . . . .
 ပြည့်သိပ်လာတဲ့ အမေ့နို့ကို
 တိုက်ကျွေးမယ့်သူ ဇမူမှာရှား . . . .
 နို့ရည်ပြည့်နှင့် အမေ့ရင်အုံ
 ရောင်ရမ်း၊ ကိုက်ကဲ၊ နာကျင်မှုပို
 ငါအမေဖြင့် ကြိတ်မှိတ်ခံငို . . . .။
-မြန်သာပြန်လာ အဝေးရောက်သားတို့
 အမေ့နို့ကို လာသာစို့ . . . .။

Sunday, October 6, 2013

ကျောက်ပန္ဓူ ရခိုင်အုပ်ချုပ်ရေးမှူးရဲ့တရားမျှတမှု၊ မောင်တော။



၆၊ ၉၊ ၂၀၁၃ ရက်နေ့တွင် ရခိုင်အမျိုးသမီး နှစ်ယေက်သည် ကျောက်ပနူ၊ အာယာလီရွာနေ ရော်ဟိမုလား (ဘ) အဒူဆောလာမ် (အသက်-၃၅-နှစ်)၏ ကွမ်းခြံမှ ကွမ်းရွက်များခိုးနေသည်ကို တွေ့မိသဖြင့် အုပ်ချုပ်ရေး မှူး အားတိုင်တန်းခဲ့ရာ အုပ်ချုပ်ရေးမှူးက ကွမ်းခြံပိုင်ရှင်ထံမှ အပြန်ငွေကျပ် တစ်သောင်းညှစ်ယူပြီး ခိုးယူ လာတဲ့ ကွမ်းရွက်များကိုလည်း သူခိုးမများအားပေးလိုက်သည်။ အမျိုးသမီးနှစ်ဦးသည် တိုင်းရင်းသား များဖြစ် ကြသည်။ တိုင်းရင်းသားများအတွက် တိုင်တန်းခြင်းမပြုလုပ်ရဟု သတိပေးလိုက်သည်။ ရခိုင်များ သည် ရိုဟင်ဂျာများ၏ ကွမ်းခြံ၊ ဟင်းခင်း၊ ဆိတ်၊ နွားများကို အမြဲလိုလိုပင် ခိုးယူလေ့ရှိသည်။ တိုင်တန်းသော် လည်း မည်သို့မျှထူးခြားမှုမရှိခဲ့ချေ။

အင်းဒင်စခန်း၏အစည်းအဝေး၊ မောင်တော။



၂၇၊ ၉၊ ၂၀၁၃ ရက်နေ့တွင် အင်းဒင် နှင့် သ၀န်ချောင်းကျေးရွာများ၏ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ကို အစည်းအဝေးခေါ်ကာ သင်တို့သည် အုပ်ချုပ်ရေးမှူးများထံမှ ရယူသော လက်ထပ်ခွင့်ပြု မိန့်စာနှင့် လက်ထပ် ခွင့်ရှိသော်လည်း ကလေးမွေးဖွားခွင့်မရှိ၊ အကယ် ကလေးမွေးဖွားလိုလျှင် ငါတို့ထံမှအမိန့်စာ ရယူရမည်ဟု ဆိုခဲ့သည်။ အကယ် ငါတို့ထံမှ အမိန့်စာ မရဘဲ ကလေးမွေးဖွားလျှင် ကလေးများကို အထစ (အိမ်ထောင်စုစာရင်း)တင်သွင်းခြင်းခံရမည်မဟုတ်၊ Black List သာတင်သွင်း မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရခိုင်များရဲအားပြမှု၊ မောင်တော။


၂၅၊ ၉၊ ၂၀၁၃ ရက်နေ့တွင် ဥဒေါင်းကျေးရွာမှ ရိုဟင်ဂျာ နှစ်ဦးသည် ကျောက်ပနူသို့နွားဝယ်သွားရာ ရခိုင်များက တို့မှာ နွားများရှိသည်ဟုဆိုခေါ်သွားခဲ့သည်။ ရခိုင်များနှင့် ဈေးမကိုက်သဖြင့် မ၀ယ်နိုင်ခဲ့ချေ။ ထို့အပြင် ရခိုင်များက ငါတို့နွားများမ၀ယ်လျှင် မင်းတို့ရဲ့အဖြူကဒ်ပြားတွေထိန်းသိမ်းခံရမည်ဟုဆိုကာ ထိန်းသိမ်းလိုက်သည်။ ထိုအကြောင်းနှင့်ပတ်သက် ကျောက်ပနူရှိ စစ်တပ်များအား တိုင်တန်းခဲ့ရာ စစ်တပ်များက ကဒ်ပြားများ ကို ပြန် ယူပေးခဲ့သော်လည်း မည်သည့်အရေးယူမှုများမပြုလုပ်ခဲ့ချေ။

SB2 ရဲမှ မတရားငွေညှစ်မှု၊ မောင်တော။



မောင်တောမြို့၊ အလယ်သံကျော် တာဝန်ကျနေသော SB2 ရဲဗိုလ်လတ် အောင်ကျောင်စိန်နှင့် အခြား SB တစ်ဦး တို့သည် သူတို့၏မွေးစား လမ်းပြဖြစ်သူ အလယ်သံကျော်၊ ဈေးကုန်တန်းရွာနေ ဇာဟိတ်ဟုဆိန်း နှင့် အတူ အလယ်သံကျော်၊ မောင်တူလာရွာရှိ ရီယာအူဒိန်(ဘ)မူဟမတ်အီနုစ် အသက်-၁၈-နှစ်၏ နေအိမ်သို့ ၂၈၊ ၉၊ ၂၀၁၃ ရက်နေ့ ညနေ ၆း၀၀ နာရီအချိန်တွင် လာရောက် သူကို သူ၏ကိုယ်ပိုင် ဆိုင်ကယ် တစ်စီး နှင့်တစ်ပါတည်းခေါ်သွားခဲ့သည်။ ရုံးသို့ရောက်ပြီးစစ်ဆေးကာ အပြစ်ကင်းသောကြောင့် သူကို လွှတ်ပေး သော်လည်း သူ့ဆိုင်ကယ်ကိုထိန်းသိမ်းထားခဲ့သည်။

၂၉၊ ၉၊ ၂၀၁၃ ရက်နေ့ တဖန် ရောက်လာကာ သူ့ကို သူသည် လူတစ်ဦးအားဆိုင်ကယ်နှင့် တိုက်မိသည်ဟု ဆိုကာ အတင်းအဓမ ငွေ ၈-သိန်း ညှစ်ယူခဲ့သည်။ သူသည် မည်သူ့ကိုမှ ဆိုင်ကယ်နှင့်တိုက် မိခြင်းမရှိခဲ့ချေ။