·
ဖြစ်ချင်တာတွေ
ဘယ်တော့မှ ဖြစ်ခွင့်မသာ . . .
လုပ်ချင်တာတွေ
ဘယ်တော့မှ လုပ်ခွင့်မသာ . . .
ပြောချင်တာတွေ
ဘယ်တော့မှ ပြောခွင့်မသာ . . .
ဤလိုသံသရာ၊ ငါလူသားမှာ
ရက်စက်ကြမ်းကြုတ်ခံနေရမှုများ
ဖိနှိပ်ချုပ်ချယ်ခံနေရမှုများ
ထိန်းချုပ်လှောင်ပိတ်ခံနေရမှုများ
“ခံနေရမှု” ပေါင်းများစွာအောက်
ဒူးထောက်၊ ခေါင်းငုံ့နေရပြီး
တုံ့ပြန်အားကင်းမဲ့စာနှင်
လူ့ဘ၀ကို လူမဆန်စွာပဲ
ခက်ခဲကြမ်းတမ်းစွာ
အသက်ရှင်ဖြတ်သန်းနေရ
. . .။
·
ခြေလှမ်းတိုင်း နင်းနေရတဲ့
ဆူးငြောင်းခလုတ်တွေက
ငါ့ရင်ကိုနာကျင်စေခဲ့ . . .
ငါ့ခြေလှမ်းများကိုနှေးကွေးစေခဲ့ . . .
တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ကောင်းကင်အောက်
ကြောက်ရွံ့မှုအောက်စီဂျင်ကိုရှုရှိုက်ရင်း
ရှင်သန်နေရတဲ့အဖြစ်မျိုးက
ငါ့မနက်ဖြန်တိုင်းကို
မျှော်လင့်ချက်မဲ့စေခဲ့ . . .
ငါ့ကို “၂၁” ရာစုဆီ ရွှေ့လျားဖို့
ဟန့်တားနေဆဲ
. . .။
·
အချစ်ရေး သီချင်းများ
ဘ၀ရေး ကဗျာများ
ဘယ်အနုပညာကိုမှ
အနုပညာလိုမခံစားတတ်တာ
ငါ့နှလုံးသားဟာ
လူမဆန်စွာ
ရက်စက်ကြမ်းကြုတ်ခံနေရလို့
ဖိနှိပ်ချုပ်ချယ်ခံနေရလို့
ထိန်းချုပ်လှောင်ပိတ်ခံနေရလို့
. . .။
·
အရှိကို အရှိအတိုင်း
အမှန်ကို အမှန်အတိုင်း
ဖွင့်မပြောသာတဲ့
ကမ္ဘာ့ပထ၀ီမြေအစွန့်တစ်နေရာမှာ
ငါ . . . လူသား (ရိုဟင်ဂျာသား)
နုတ်ပိတ်နေရရင်း
ခေါင်းငုံ့နေရရင်း
လှောင်ပိတ်ခံနေရဆဲ
ဖမ်းဆီးခံနေရဆဲ
ညှင်းပန်းနှိပ်စက်ခံနေရဆဲ
အကျဉ်းချခံနေရဆဲ
မုဒ္ဒိန်းကျင့်ခံနေရဆဲ
ပြီးတော့
မျိုးတုံးခံနေရဆဲ . . .။
(MYARF)-ယျာတင်
No comments:
Post a Comment