Saturday, March 16, 2013
"ကျပ်မပြည့်သော ကလေးမီးပွားခြင်း(သို့) တစ်ခေတ်ဆန့်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲ"
        ၂၀၁၃ ခုနှစ် မတ် ၁၃ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်၍ ကျင်းပနေကြသည်။ စာမေးပွဲကြီး သည် အခြေခံပညာရေး၏ နောက်ဆုံး စာမေးပွဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် စာဖြေသူ၏ ဘ၀တစ်ဆစ်ချိုးချိန် ဖြစ်၍ အလွန်အရေးကြီးသော စာမေးပွဲဟူ၍လည်းဆိုနိုင်သည်။
        ထိုအရေးကြီးသော စာမေးပွဲကို အောင်မြင်နိုင်ရန် ကျောင်းသားကျောင်းသူများသည် တစ်နှစ်ပတ်လုံး စာအုပ်စာပေ၊ ကျူရှင်၊ ကျောင်းကြီးတို့နှင့် နပန်းလုံး၍သာ ကြိုးစားပမ်းစား စာဖတ်စာသင် လေ့ကျင့်နေရ ပါသည်။ ရည်ရွယ်ချက်က သူများထက်သာအောင်၊ သူတကာထက် သာအောင် ကြိုးစားနေခြင်းသာဖြစ်သည်။ မိမိတို့၏ ကြိုးစားအားထုတ်မှုကို စာမေးပွဲကြီးတွင် မှတ်တမ်း၊ မော်ကွန်း တင်နိုင်အောင် လုံ့လစိုက်ခြင်းသာ ဖြစ်သည်။ အောင်စိတ်ကို မွေး၍ ၀ါယာမ စိုက်ထုတ်ခြင်းသာဖြစ်သည်။ စာမေးပွဲကြီးတွင် ထူးထူးချွန်ချွန် အောင်မြင်၍ အသက် မွေးဝမ်းကျောင်း တက္ကသိုလ် တစ်ခုခုတွင်ဖြစ်စေ၊ မိမိဘ၀ကို ရှင်သန်ရပ်တည်နိုင်မည့် နေရာကောင်း တစ်ခုခု တွင်ဖြစ်စေ ၀င်ရောက်အခြေချနိုင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ ဤမျှ အရေးကြီး လှသော စာမေးပွဲကြီးကို ကျင်းပနေချိန်တွင် စာဖြေခန်းအတွင်းဝယ် အစောင့်များကို စနစ်တကျ တာဝန်ပေး အပ်၍ စစ်ဆေးရန်လိုအပ် ပေသည်။ အကယ်၍ အစောင့်(တာဝန်ကျဆရာမများ)အနေဖြင့် မိမိတို့၏ တာဝန် ၀တ္တရားကို သစ္စာရှိရှိ မစောင့် ထိန်းအပ်က စာဖြေသူ စာသင်သားများအတွက်သာမက နိုင်ငံတော်၏ အနာဂတ် အတွက်ပါ ထိခိုက်စေပါသည်။ အထူးသဖြင့် စာမေးပွဲဖြေဆိုခန်းအတွင်း တာဝန်ကျသူများအနေဖြင့် သစ္စာရှိဖို့ လိုပါသည်။ ဆိုလိုသည်မှာ စာဖြေသူများ ခိုးကူးချရေးခြင်းကို တားမြစ်အရေးယူသင့်ပေသည်။ အဘယ်ကြောင့် ဆိုသော် ခိုးကူးချရေးပြီး အဆင့်မြင့်မြင့်ဖြင့် အဆင့်မြင့် တက္ကသိုလ် တစ်ခုကို တက်ရောက်ခွင့်ရရှိလျှင် အမှန် တကယ် ကြိုးစားပမ်းစား၊ ၀ီရိယ စိုက်ထုတ်လေ့ကျက်ခဲ့သူအတွက် အဆင့်မြင့် တက္ကသိုလ် တစ်ခုတွင် နေရာ တစ်နေရာ လျော့သွား နိုင်သည်။ ကျပ်မပြည့်သော ကလေးတစ်ဦးကို မွေးဖွားခဲ့သည်နှင့် ထူပေလိမ့်မည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ပြီး အသိပညာ၊ အတတ်ပညာရှင်တွေ ဖြစ်ထွန်း မွေးထုတ်နိုင်ဖို့အတွက် ခက်ခဲ့ ပေလိမ့်မည်။
        ယနေ့ ၁၅၊ ၃၊ ၂၀၁၃ ဆိုလျှင် ဘာသာရပ် ၃ ရပ် ဖြေဆိုခဲ့ပြီးပြီဖြစ်သည်။ ထို(၃)ရက်သော အချိန်ကာလ တွင် အပုပ်နံ့တစ်ခုပေါ်ထွက်လာသည်။ နှာခေါင်းရှုံ့စရာသတင်းတစ်ခုဖြစ်သည်။ "တစ်ဘာသာ-နှစ်သောင်း" တဲ့ နားလည်ရန်ပင်ခက်ခဲ့လိမ့်မည်။ ဆိုလိုသည်က "တာဝန်ကျ ဆရာမများအား ငွေနှစ်သောင်းပေးပြီး ညှိနှိုင်း သည်" တဲ့ အလွန်နှမြောစရာကောင်းလှပါသည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဒီမိုကရေစီ ထွန်းကားပြီး တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် ပြုပြင်ပြောင်းလဲနေချိန်တွင် ကျပ်မပြည့်သော ကလေးကို မွေးဖွားနေသည်ဟုပင်ဆိုရမလိုဖြစ်နေသည်။ အာဟာရ ဖြည့်တင်းမှုကို ပေးစွမ်းမှုမရှိသဖြင့် မသမာ နည်းဖြင့် ရှာဖွေ စားသောက်နေသော ဦးသိန်းစိန်၏၀န်ထမ်းများကို သုံးသပ်ကြည့်လျှင် သံဝေဂရစရာပါ။
(စာကြွင်း-မောင်တောမြို့ အ.ထ.က(၁) ၏ဖြစ်ရပ်မှန်ကို ဖော်ပြခြင်းသာဖြစ်ပါသည်။)
                                                                                                         ရိုဟင်းစိုးမိုးဝင်း
No comments:
Post a Comment