Tuesday, May 21, 2013

ရင်အေးနိုင်ပါ့မလား

        “မပြောလည်းမပြီး၊ မတီးလည်းမမြည်” ဆိုတဲ့ စကားရှိပါတယ်။ မပြောလည်းမပြီးဆုံးနိုင်၊ မတီးလည်း အသံမမြည်နိုင် …. ပြောရှင်သည်က မိန့်ခွန်း တစ်ရပ်အကြောင်း ….။
        ၂၀၁၂-ခုနှစ် အတွင်း ရခိုင်ပြည်နယ် ဖြစ်ပွါးခဲ့သော ပဋိပက္ခများ၏ အကြောင်းအရင်းများကို စနစ်တကျ ရှာဖွေဖေါ်ထုတ်ရန်နှင့် အလားတူ ပဋိပက္ခများ တပ်မံမဖြစ်ပွါးစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ၂၀၁၃-ခုနှစ် ဧပြီလ ၂၉-ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၃-ခုနှစ် မေလ ၆-ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းတွင် ပါဝင်သော အချက်များကို သုံးသပ်ထောက်ဆကြည့်လျှင် အပြောနှင့်အလုပ်၊ အလုပ်နှင့်အပြာ မညီညွှတ်ကြောင်းကို တွေ့ရ သည်က တစ်ကြောင်း၊ လက်တွေ့နှင့်အိပ်မက်၊ အိပ်မက်နှင့်လက်တွေ့ မအပ်စပ်က တစ်ဖုံ၊ ဦးတည်ချက်နှင့် လုပ်ဆောင်ချက်၊ လုပ်ဆောင်ချက်နှင့်ဦးတည်ချက် လိုက်ဖက်မှုမရှိသည်က တစ်မျိုး၊ သနားမှုနှင့် စာနာမှု၊ စာနာမှုနှင့်သနားမှုတို့ ကင်းကွာသည်က တစ်သွယ် စသည်ဖြင့်တွေ့နိုင်ပါသည်။ အမြန်နှင့် အမှန်ဆိုရလျှင် သမ္မတကြီးသည် (ကိုယ့်ကိုဝိုင်းကြည့်မယ့်) ပရိသတ်တသပြီး ရန်ပွဲတစ်ခုစလိုက်ခြင်းဖြစ်ပါသည်။ “ If you want an audience, start a fightဆိုတဲ့ ဂေးလ်စကားပုံကို မြတ်နိုးခဲ့ခြင်းနှင့် မကင်းပေ။ ပရိသတ်(ပြည်သူ) တွေရဲ့ စူးစိုက်မှုခံယူဖို့အတွက် အကွက်ကျကျ တိုက်ပွဲဆင်၊ စုံစမ်းရေးကော်မရှင်ဖွဲ့၊ အစီရင်ခံစာတင်သွင်းစေ၊ မိန့်ခွန်းဟော ….။ ဘော်လုံးလောကမှ အကျော်အမော် ဂူရုကြီးဖါဂူဆန်ရဲ့ လေသံနှင့်ပြောရသော် “ဒီလူဟာ မိန့်ခွန်းဟောဖို့ မွေးဖွားလာတဲ့သူ” ….။ မေးခွန်းသည် မေးခွန်း၊ မိန့်ခွန်းသည် မိန့်ခွန်း၊ မေးခွန်း ပေါ်လာရခြင်း၏ အကြောင်းရင်းက အဖြေရဖို့၊ မိန့်ခွန်းပေါ်လာခြင်း၏ အကြောင်းရင်းက အမိန့်နာခံစေဖို့ဖြစ်ပါသည်။ သို့သော် အမိန့်နာခံဖို့ ပုဂိုလ်က ရှိမှမရှိတာပါ။ ရခိုင်ပြည်နယ် အုပ်ချုပ်သူအများအပြားက “ရခိုင်”၊ သမတကြီးဦးသိန်းစိန် က ရခိုင်ပြည်နယ်ကို ရောက်အိမ်တိုင်ရာရောက်သွားပြီး အမိန့်ပေးမှ၊ မိန့်ခွန်းဟောမှဖြင့် ….။ သမတကြီးရဲ့ မိန့်ခွန်းကို တစ်ခွန်းစ နှစ်ခွန်းစ နားထောင်ကြပါစို့လား။ ကဲ့ …. “ရခိုင်ပြည်နယ် ပဋိပကများနှင့်ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ဦးတည်ချက်ဟာ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနှင့် ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေ့ရှုတဲ့ ဦးတည်ချက်များနှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ….”တဲ့။ ရခိုင်ပြည်နယ် ပဋိပကသည် မကြာမီ တစ်နေ့ဟူသောတာကို စိုက်ထူလိမ့်မည်။ ယုအချိန်ထိ ကိုင်တွယ်ဖြေရှင်းပုံများသည် အရာမရောက်ပေ။ သို့သော် “အနာဂတ်”ဟူသောစကားလုံးကို စာနာမိပါသည်။ အနာဂတ်သည် မည်သည့်အခါမှ ပစုပ္ပန် မဖြစ်နိုင်။
        သမ္မတကြီးမိန့်ခွန်းဟောနေပါသည်။ အားလုံးတိတ်တိတ်နေကြပါ။ ကဲ့ .... “နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခများ တပ်မံမဖြစ်ပွါးရေးအတွက် တရားဥပဒေစိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက် ရန်ဖြစ်ကြောင်း ....”။ သမ္မတကြီးရဲ့ အလိုအရ နယ်မြေဒေသဟာ ဆောင်းရာသီရောက်ရင် ဆီးနှင်းများ ထူထပ်စွာချရောက်ပြီး အေးချမ်းသွားမည်ဖြစ်သည်။ ပဋိပက္ခများ ထပ်မံမဖြစ်ပွါးရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများကို သမ္မတကြီးက ကျက်မှတ် အာဂုံဆောင်မည်ဖြစ်သည်။ စာမေးပွဲအောင်မြင်ပါစေ ....။
        သမ္မတကြီးရဲ့မိန့်ခွန်းကို နားထောင်ပေးပါ။ ကဲ့ .... “နိုင်ငံသားတိုင်း မိမိယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နှင့်လွတ်လပ်စွာပြောဆိုခွင့်ရရှိစေရေးအတွက် ကြိုးဖမ်းဖော်ဆောင်နေရ ကြောင်း ....”။ သမ္မတကြီးပြောရှင်သည်က နိုင်ငံသားတိုင်းသည် မိမိတို့ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာရွေးချယ်ပြီးထုတ်ဖော်ပြောဆိုကြပါ။ သို့ရာတွင် အစ္စလာမ်ဘာသာဝင်ဟု လွတ်လပ်စွာထုတ်ဖော် ပြောဆိုလျှင် ကြိုးနှင့်ဖမ်းပြီးယူဆောင်လာကြပါ” တဲ့။ မိန့်ခွန်းမဆုံးသေး ....။
        မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှု ရှိကြောင်း၊ လွတ်လပ်စွာယုံကြည်မှုနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဗလီများနှင့် ဟိန္ဒူဘုရားကျောင်းများ အတူ ယှဉ်တွဲတည်ရှိနေပြီးဖြစ်ကြောင်း ....” တဲ့။ ဤဟောပြောချက်အလွန့်အလွန်အဓိပ္ပါယ်ရှိသော စကားများဖြစ် သည်။ သို့ကတဲ့ .... ရခိုင်ပြည်မှာ ယ္ခုထက်ထိ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုဆိုတာ ဝေလာဝေး။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများသည် အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များကို မီးရှို့ဖျက်စီးခဲ့သည်။ ဆက်လက်၍လည်း မီးရှို့ဖျက်စီးနေသည်။ နောင်လည်း မီးရှို့ဖျက်စီးမည်ဟု လူသိ ရှင်ကြားခြိမ်းခြောက်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ဒါဟာ လေးစားမှုလား၊ ဒါမှမဟုတ် အကောင် လိုက်မျိုနေမှုလား ဆိုတဲ့အချက်ကို အလေးအနက်သုံးသပ်ကြည့်ပါ။ “အစိုးရအနေနှင့် အစဉ်လေးစားကာကွယ် ပေးသွားမှာ” ဆိုတဲ့ စကားလည်း သဲထဲရေသွန်ချသလိုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံရဲ့ ၀တ်ပြုကျောင်းများ အတူယှဉ်တွဲ တည်ရှိနေသော်လည်း ယ္ခုအချိန်တွင် ဗလီဝတ်ပြုကျောင်းများကို အစိုးရက ပိတ်ပင်ပြီးဖြစ်သည်။ အဲ့ဒီဗလီဝတ်ပြုကျောင်းများကို ပိတ်ပင်စေခြင်းအားဖြင့် အစ္စလာမ်ဘာသာဝင်များသည် မိမိနေအိမ်တွင် လွတ်လပ်စွာ ကိုးကွယ်နိုင်အောင် စွမ်းဆောင်ခဲ့သော သမ္မတကြီးကို ကျေးဇူးတင်ရမလိုဖြစ်နေ ပါသည်။ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ဗလီဝတ်ပြုကျောင်းများကို ပိတ်ပင်စေပြီး ဘုံးကြီးကျောင်းများကို လက်နက်ရုံသဖွယ်ဖွင့်လိုက်စေခြင်းဖြစ်သည်။ တရားမျှတမှု၊ သဟဇာတဖြစ်မှုကို လှစ်ဟပြခြင်းဖြစ်သည်လို့ ခံယူမိပါသည်။ ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒဲဗစ်ကော်ပါးဖိးလ် တောင်မှ သမ္မတကြီးလို မှော်ပညာစွမ်းမည် မဟုတ်ပါ။
        သမ္မတကြီးရဲ့ မိန့်ခွန်းကို ဆက်လက်နားထောင်ကြပါ။ ကဲ့ .... “ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာတ်မြစ်ဟာ လူဦးရေ ပေါက်ကွဲမှုမြင့်မားတဲ့ အိမ်နီးချင်း နိုင်ငံနှင့် ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုးသာ ဖြစ်ကြောင်း ....”။ ဤအချက်ကို သုံးသပ်ခြင်းအားဖြင့် သမ္မတကြီးသည် ရခိုင်ပြည်နယ်ရဲ့ သမိုင်း ကြောင်းကို ဂဃနဏ လေ့လာခြင်းမရှိ၊ သမိုင်းနှင့် ထိတွေ့မှုနည်းသည်ကို တွေ့မြင်နိုင်ပါသည်။ သမိုင်းပညာရှင် များထံ ဆည်းကပ်၍ ကျိုးနွံစွာသင်ယူသင့်သည်။ “ငါဟာ သမ္မတ” ဆိုပြီးထိုင်မနေသင့်ပေ။ သမိုင်းအမှန်ကို ဧကန်အမှန်သိစေရန်အလို့ငှာ မဖြစ်မနေ လေ့လာသင်ယူအပ်ပေသည်။ ကိုလိုနီခေတ်ကိုလည်း ဆန်းစစ်ကြည့် စေချင်ပါသည်။ ကိုလိုနီစနစ်ရဲ့ အမွေဆိုးဆိုတဲ့ အထစ်ထစ်အငေါ့ငေါ့ ပြောဆိုမှုကြောင့် သမိုင်းအဖြူစင်ကို အစွန်းမထင်ပါစေနှင့်လို့ ရင်ဖွင့်စကားပြောချင်လှပါသည်။
        “လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ....” ဟူသော ဟောပြောချက်ကိုတော့ လက်ခံသင့်သည်။ သို့သော် အဲ့ဒီလုံခြုံရေးအဖွဲ့အစည်းများသည် သမ္မတကြီး၏ ညွှန်ကြားချက်လိုက်နာမှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ရမည်။ ဘက်လိုက်မှု ရှိ၊ မရှိကိုလည်း ဖော်ထုတ်ရမည်။ လုံခြုံရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေတဲ့သူတွေအတွက် ရိက္ခာကိုလည်း လုံလောက်စွာထောက်ပံ့ပေးရမည်။ လုံလောက်မှု မရှိပါက ပြည်သူ့ထံမှ လုယူစားသောက်မည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစ္စလာမ်ဘာသာဝင်များ၏ အိမ်ကို ၀င်ရောက်စီးနှင်းလုယူစားသောက်နေသည့် အဖြစ်များသည် နေ့တိုင်း လိုလို ဖြစ်ပွါးနေသည်။ တစ်ပါးသူရဲ့ ယာခင်းကို ကျူးကျော်ဝင်ရောက် ကျက်စားနေသည့် ဦးချိုပါ ခြေလေး ချောင်းသတ္တ၀ါအလားပင်ဖြစ်သည်။ အဲဒီ ခြေလေးချောင်းသတ္တ၀ါများကို ဘယ်သူ ထိန်းကျောင်းနေတာလဲ ....။ အထိန်းဘက်က မှန်ပါစေလို့ ဆုခြွေရင်း ....။
        “ပဋိပက္ခများကြောင့် အိုးအိမ်စည်းစိမ်များ ဖျက်စီးဆုံးရှုံးခဲ့ရသူများအတွက် ကယ်ဆယ်ရေး၊ ကူညီစောင့် ရှောက်ရေးများကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ....” လို့ပြောကြားချက်ကိုတော့ ကြိုဆိုရမှာပါ။ ဖွင့်လင်းမြင်သာစွာ နှစ်ဘက်မျှတစွာ ကျောသား၊ ရင်သားမခွဲခြားဘဲ ဆောင်ရွက်သွားမည့် အဖြစ်ကို မျက်လုံး ပြူးပြီး စောင့်ကြည့်ရုံသာရှိပါသည်။
        “ပဋိပက္ခများ ပိုမိုဆိုးရွာမလာရေးအတွက် တရားမ၀င်ဆက်လက်ဝင်ရောက်လာသူများကို ဟန့်တားရေး နှင့် ထိရောက်စွာအရေးယူခြင်းတို့အတွက် လိုအပ်မည့်လုံခြုံရေးဆိုင်ရာအစီအမံများကိုလည်း ချမှတ်သွားမှာ ဖြစ်ကြောင်း ....” ဆိုတဲ့ပြောကြားချက်ကိုလည်း လက်ဆင့်ကမ်းကြိုဆိုရမှာပါ။ တရားမ၀င် ၀င်ရောက်လာသော “ရခိုင်”များကို ကြိုတင်ဟန့်တားခဲ့မည်ဆိုလျှင် ပဋိပက္ခဖြစ်နိုင်ခြေမရှိပါ။ တရားမ၀င် ၀င်ရောက်လာသော ရခိုင်များသည် များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ “ပုလောင်းချစ်” ဒေသက ရခိုင်များဖြစ်သည်။ သူတို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားခံယူပြီး မောင်တောမြို့မှာလည်း ဒေသခံအဖြစ် နေထိုင်နေသည်။ နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူများဖြစ်သည်။ ဤသို့ နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူ ရခိုင်များသည် မြန်မာနိုင်ငံတွင် သော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သော်လည်းကောင်း သစ္စာရှိရှိနေထိုင်သွားမည်မဟုတ်ပါ။ ဒီ ဆယ်စုနှစ်အတွင်း တရားမ၀င် ၀င်ရောက်လာသော ရခိုင်လူမျိုးများ၏ စိတ်ဓါတ်နှင့် ယ္ခင်ကပင် တည်မြဲနေထိုင် လာသော ရခိုင်လူမျိုးများ၏ စိတ်ဓါတ်သည် ကွာလွန်းသည်။ သူတို့သဘောထားတင်းမာလှသည်။ တင်းမာ သည့်အကြောင်းတစ်ခုလည်းရှိသည်။ သူတို့ကိုယ်တိုင် ကြွားလေ့ရှိသော စကားတစ်ခုရှိသည်။ ဒီမှာ ၆-လ နေမယ်၊ ဟိုဘင်္ဂလားဒေ့ရှ်မှာ ၆-လ နေမယ်” တဲ့။ ထို့ကြောင့် အသေးအမွှားကိစ္စများကိုပင် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီး ကိုင်တွယ်ဖြေရှင်းမြဲဖြစ်သော ဦးသိန်းစိန်အစိုးရအနေဖြင့် ပဋိပက္ခများ ပိုမိုဆိုးရွားမလာ စေရေးအတွက် တရားမ၀င် ဆက်လက် ၀င်ရောက်လာသူများ နှင့် နိုင်ငံသားအဖြစ် ခံယူထားသူများကို ထိရောက်စွာအရေးယူခြင်းတို့အတွက် စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းသင့်ပေသည်။ ဖော်ထုတ်အရေးယူသင့် ပေသည်။
        သမ္မတကြီးရဲ့ မိန့်ခွန်းကို ဆက်လက်နားထောင်ပေးကြပါ။ ကဲ့ .... “အစီအမံများချမှတ်ရာမှာ ရခိုင်ပြည် နယ် ပဋိပက္ခ စုံစမ်းရေးကောင်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံလုပ်ဆောင်သွားမှာဖြစ်ကြောင်း ....” တဲ့။ သမ္မတကြီးက စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်များကို အခြေခံလုပ်ဆောင်သွားမည်လို့ ပြောသွားခဲ့တဲ့ အချက်သည် ခါးသီးမှုကို ခံစားစေပါသည်။ ကော်မရှင်ရဲ့အကြံပြုချက်များသည် မျှတမှုရှိလား၊ သဟဇာတဖြစ်မှု ရှိလား၊ သူ့ဘက် ကိုယ့်ဘက်၊ သာအောင် နာအောင် ပြုထားခဲ့လား ဆိုတဲ့ အချက်များကို သမ္မတကြီးအနေနှင့် စီစစ်သုံးသပ်ရမည် မိမိ၏ဥာဏ်ရင်းဖြင့်သုံးသပ်ဝေဖန်စွမ်းမရှိပါက ပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် တိုင်ပင် ဆွေနွေးရမည်။ သာမှု၊ နာမှု မဖြစ်ရလေအောင် မှန်ကန်သော အကြံပြုချက်များ ပေါ်ထွက်လာသည်အထိ ကြိုးဖမ်းရမည်။ လောကနီတိလာ “ငှက်တို့၏ အားထားရာကား ကောင်းကင်တည်း၊ ငါးတို့၏ အားထားရာကား ရေပြင်တည်း၊ ကလေးသူငယ်တို့၏ အားထားရာကား ငိုခြင်းတည်း၊ ဆင်းရဲသားတို့၏ အားထားရာကား ပြည့်ရှင် မင်းတည်း” ဟူသော စကားအတိုင်း ဆင်းရဲသားပြည်သူတို့၏ အားထားရာသည် အုပ်ချုပ်သူအကြီးအကဲ (နိုင်ငံတော်သမ္မတ)ဖြစ်သည်။ ထို့ကြောင့် သမ္မတ၏ ဆုံးဖြတ်ချက်၊ ပြောဆိုချက်များသည် ပြည်သူများအတွက် အရေးပါသည်နှင့်လျော်စွာ သမ္မတသည် အမြင်မှန်ဖို့လိုအပ်သည်။ လောကနီတိ ရာဇာ ကဏ္ဍမှာလည်း ဤသို့ ဖော်ပြထားသည်။ “မဟုတ်မမှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆို ခြင်းဖြင့် အောင်နိုင်ရာ၏” ဟူ၍ ....။ သို့ကြောင့် ဖြောင့်မှန်စွာပြောဆိုခြင်းဖြစ်သည်။
        သမ္မတကြီးပြောခဲ့တဲ့ မိန့်ခွန်းများကို ကြားပြီး စိတ်ထဲတွင် ဗလောင်ဆူသွားသော်လည်း နောက်ဆုံး ဟောပြောတဲ့ အပိုင်းကို သည်းခံပြီး နားထောင်ပေးပါရန်။ “အစိုးရအနေနှင့် ရခိုင်ပြည်နယ်အတွင်းမှာ မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူများအား လူသားချင်းစာနာထောက်ထားတဲ့အနေနှင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်များနှင့် အခွင့်အရေးများကို လက်တွေ့အကျဆုံးနည်းလမ်းများနှင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်သလို ရခိုင်ထိုင်းရင်သားများရဲ့ခံစားမှုနှင့် လိုလားရှက်များကိုလည်း လုံးဝ လျစ်လျူရှုမှာမဟုတ်ကြောင်း ..”။
        သမ္မတကြီး၏ နောက်ဆုံးဟောပြောချက်ကို သုံးသပ်ကြည့်လျှင် “မူလက ရောက်ရှိနေကြတဲ့ အစ္စလာမ် ဘာသာကိုးကွယ်သူများ” ဟူသော စကားလုံးဟာ ဘာကိုဆိုလိုတာလဲ၊ ဘယ်သူတွေကို ညွှန်းချင်တာလဲ လို့ စောဒက တက်စရာပါ။ “မူလ” ဆိုတာ ဘယ်အချိန်လဲ၊ “ရောက်ရှိနေကြ” ဆိုတာ ဘယ်ကနေ ဘယ်ကို ရောက် နေတာလဲလို့ မေးချင်ပါတယ်။ မေးလည်း မေးရမှာပါ။ သမ္မတကြီးအနေနှင့် ဖြေလည်း ဖြေရမှာပါ။ နောက် တစ်ချက်က “ရခိုင်ထိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များကိုလည်း လျစ်လျူရှုသွားမှာမဟုတ် ကြောင်း ....” ဟူသော ကဏ္ဍများကို သုံးသပ်ကြည့်လျှင် ဘယ်သူရင်အေးနိုင်ပါမလဲ။ ကျောသား ရင်သား ခွဲခြားနေသည်က သိသာထင်ရှားလှပါသည်။ ရခိုင်ထိုင်းရင်းသားများက သမ္မတကြီးကို အုပ်ချုပ်နေသည်နှင့်ပင် တူပါသည်။ “ဘ၀တွင် ကြည်နူးဖွယ်အကောင်းဆုံးကိစ္စမှာ လူအများက သင်မလုပ်နိုင်ဟု ပြောနေသည်ကို လုပ်ပြလိုက်ခြင်းပင်ဖြစ်သည်” ဟူ၍ စကားပုံတစ်ခု မှတ်သားခဲ့ရသည်။ ဤ စကားကဲ့သို့ပင် သမ္မတကြီးသည် မိမိဘ၀ရဲ့ ကြည်နူးဖွယ် အကောင်းအရာတစ်ခုကို ခံစားနိုင်ဖို့အတွက် အများပြည်သူရဲ့ စိတ်နှင့် ဆန့်ကျင်ပြီး ယ္ခုလို လုပ်ပြဟောပြောတာလားလို့ ကောက်ချချမှတ်ရင်လည်း မှားမည်မထင်ပါ။ သမ္မတကြီးအား “ကာယကံ၊ ၀စီကံ၊ မနောကံ” ဟူသော ကံ သုံးပါးဖြင့်သော် ပြစ်မှားနေခြင်းမဟုတ်ပါ။ လွတ်လပ်သော ဒီမိုကရေစီ ခေတ် တစ်ခေတ်ဖြစ်သည်နှင့် အားလျော်စွာ ပြည်သူတစ်ဦးအနေဖြင့် ဟန်ချက်ညီညီ ထောက်ပြဝေဖန် ရေးသားလိုက် ခြင်းပင်ဖြစ်ကြောင်း ....။

ရိုဟင်းစိုးမိုးဝင်း

No comments:

Post a Comment